အသက်ဝင်နေတဲ့ အိမ်ကလေး အပိ (1/2)
အသက်ဝင်နေတဲ့ အိမ်ကလေး
အပိုင်း (13)
“ ချွမ်…ချွမ် …ချွမ် …”
သံသံချင်းထိသည့် အသံကြောင့် စိုင်းထက်နိုးလာခဲ့သည် ဒီတခါကြားရသည့် အသံကကျယ်လောင်ပီသလွန်းလှသည်။ ဖွားဖွားက
အခြားမြို့ကို သွားနေသဖြင့် စိုင်းထက်တယောက်တည်း စိတ်ကိုတင်းပြီးအိပ်နေရာမှ ညသန်းခေါင်ကျော်သော် ထိုအသံကြောင့်နိုးလာခဲ့သည်။
စိုင်းထက် ပြတင်းတံခါးကြားမှချောင်းကြည့်လိုက်သော် ထင်ထားသည့်အတိုင်း ဂိုဒေါင်နားသွားလာနေသည့် လူထွားကြီး၏ အရိပ်က ပိုထင်ရှားနေသည်။ သူ့ ကိုယ်ပေါ်မှ အခိုးအငွေ့တထောင်းထောင်းထ နေသည်။ လက်မောင်းများတွင် သံကွင်းများဝတ်ထားပြီး ပုံသဏ္ဍာန်က ကြောက်စရာ ကောင်းလှသည်။
“ဒီနားမှာပဲ… သူ့ အနံ့ကို ဒီနားမှာရနေတယ်….”
ယနေ့မှ သရဲထံမှ အသံကို ကြားလိုက်ရသဖြင့် ခေါင်းကြီးလာမိသည်။ ထို အရိပ်မည်းက တဖက်ကခွန်ပိုင်တို့ခြံဘက်ကို လှမ်းအနံ့ခံကာပြောနေသည်ကိုကြားသော်ရင်ထိတ်သွားပြီး ကြောက်စိတ်ကိုကျော်လွန်ကာလှမ်းအော်လိုက်မိသည်။
“ခင်ဗျား ဘယ်သူ့ကို ရှာနေတာလဲ ဝေးဝေးသွားစမ်း…ဟိုဘက်မှာ ဘာမှမရှိဘူး”
ထိုအရိပ်က လှည့်ကြည့်လာသောအခါ အနီရောင်လက်နေသည့် မျက်လုံးတလုံးက စိုင်းထက်ကိုစိုက်ကြည့်ကာ လှမ်းပြောခဲ့သည်။
“ဒီနေရာမှာ ရှိနေတယ် ငါစောင့်နေတာကြာပြီ….ငါမင်းဆီလာခဲ့မယ်”
အရိပ်ကြီးက ကြောက်စရာကောင်းစွာဖြင့် ရေရွတ်ကာ ခွန်ပိုင်တို့ခြံဘက်တိုးဝပ်သွားသဖြင့် စိုင်းထက် အထိတ်တလန့်နှင့် အော်ဟစ်ကာ သတိပေးရန်ကြိုးစားလိုက်သည်။
“ခွန်ပိုင်…..ခွန်ပိုင်”
ယောင်ယမ်းအော်ဟစ်ရင်း စိုင်းထက်အိပ်ယာနိုးလာခဲ့သည်။ မနက်ခင်းနေခြည်တောင်ဖြာကျလာလေပြီ။ တနေ့ ဖွားဖွားက ဆိုင်ပိတ်ထားသဖြင့် အိပ်ယာမှာဆက်အိပ်နေတော့သည်။ ရင်ထဲမှာလည်းတဒိတ်ဒိတ်ခုန်နေမိသည်။
စိုင်းထက်သည် အိပ်ယာပေါ်ခဏနေပြီး ခွန်ပိုင်ကိုပြောပြရန်ထွက်လာခဲ့သည်။ စ၀်ခွန်ပိုင်သည် စိုင်းထက်၏စကားကို ကြားသော် ကျေးဇူးတင် စကားပြောပြီး ထိုသရဲအကြောင်း စနည်းနာရန် ညောင်ညောင်ဆရာနှင့် တောထဲကိုလာခဲ့သည်။ တောထဲတွင် စ၀်ခွန်ပိုင်ကို လန့် သောကြောင့် လောကသားများထွက်မလာသဖြင့် ညောင်ညောင် ဆရာက စ၀်ခွန်ပိုင်ကို ပြန်လွှတ်ကာသူတယောက်တည်းလိုက်စုံစမ်းသည်။
“ရှေးဟောင်းမြို့တော် တံခါးပွင့်ချိန် …ဟုတ်လား”
“ဟုတ်ပါတယ်အရှင်….အနှစ် ၅၀ မှာ တကြိမ် မြို့တခါးပွင့်တယ်လို့ ကြားဖူးပါတယ်”
“အင်း……ငါဘာလို့ တခါမှ မကြုံဖူးတာလဲ”
ညောင်ညောင်ဆရာက ရေရွတ်လိုက်သည်။ လွန်ခဲ့သောအနှစ် ၅၀ က မိမိ လျှောက်သွားနေလို့ မသိတာလည်းဖြစ်နိုင်သည်။
ဒါဆိုရင် သရဲက ရှေ့ဟောင်းမြို့တော်ကို ၀င်ရန်ကြိုးစားနေပုံရသည်။ စ၀်ခွန်ပိုင်ဘာကြောင့်လာရှာသလဲဆိုတာ စဉ်းစားရင်း စ၀်ခွန်ပိုင်နှင့် ချိန်းထားသည့်နေရာကိုလာခဲ့သည်။စ၀်ခွန်ပိုင်က ချောင်းကူးတံတားနားမှာရပ်နေပြီး သရဲမကို လာတွေ့ကာမေးလိုက်သည်။
“ခင်များရဲ့အကိုက မျက်လုံးတဖက်တည်းရှိပြီး တကိုယ်လုံးအခိုးငွေ့ထွက်နေတာလား”
“ဟုတ်ပါတယ်…သခင်လေး…အကို့ကိုတွေ့ပြီလား”
သရဲမက ၀မ်းသာစွာပြန်မေးခဲ့သည်။ သူ့မျက်လုံးများက ၀င်းလက်တောက်ပလို့နေသည်။ နှစ်ပေါင်းများစွာခွဲနေရသည့် အကိုဖြစ်သူနှင့် ဆုံရမည်ဖြစ်သောကြောင့် ၀မ်းသာနေလို့ဟု စ၀်ခွန်ပိုင် ထင်လိုက်သည်။
“တွေ့တော့ မတွေ့သေးဘူး သူ့အကြောင်းကြားလာခဲ့လို့….ဒါနဲ့ ခင်ဗျားရဲ့နာမည်ကို ပြန်ပေးမလို့…. ကျွန်တော်….”
စ၀်ခွန်ပိုင် စာအုပ်ကိုဆွဲထုတ်ရင်း ပြောလိုက်စဉ် မိမိနောက်မှ ညောင်ညောင်ဆရာ၏ အသံကို ကြားလိုက်ရသည်။
“ခွန်ပိုင်….မင်းဘာလုပ်နေတာလဲ”
စ၀်ခွန်ပိုင်အနောက်ကိုတချက်ကြည့်ပြီး နာမည်စာရင်းစာအုပ်ကို ခပ်သွက်သွက်လှန်ကာ စိတ်ထဲမှရေရွတ်လိုက်သည်။
“နာမည်ကို ပြန်ပေးမှာဖြစ်လို့ ထွက်ပေါ်လာစေ”
သို့သော် စာအုပ်က အဆုံးထိလှန်ပြီး ပြန်ပိတ်သွားတော့သည်။ ခွန်ပိုင် အံ့အားသင့်သွားခဲ့သည်။ နာမည်စာရင်းထဲ သရဲမ၏ အမည်မရှိပါလား။ ဒါဆို သူမ မိမိဆီကို ဘာကိုလိုချင်တာလဲ။
“ဟင်…. ခင်များနာမည်ဒီမှာမရှိဘူးပဲ… ဟာ..ဘယ်ရောက်သွားတာလဲ…”
ခွန်ပိုင် သရဲမကို လှမ်းမေးလိုက်စဉ် မိမိရှေ့တွင် မည်သူမှ မရှိတော့ပေ။ သရဲမ ဘယ်အချိန်က ထွက်သွားတာပါလိမ့်။ ညောင်ညောင်ဆရာကို ကြောက်လို့ ထွက်ပြေးတာများလား။
ထိုစဉ် ညောင်ညောင်ဆရာက မိမိပုခုံးပေါ်ကို ခုန်တက်ပြီး ဘာမှ မရှီသည့် အရှေ့ကို လှမ်းကြည့်ကာ မေးခဲ့သည်။ နှာခေါင်းကလည်း ရှုံ့ပွရှုံ့ပွနှင့် အနံ့ခံကာ ပြောလိုက်သေးသည်။ ဒီကြောင်ပါးကြီးကို ဘာမှ ဖုံးထားလို့မရပါလားဟု တွေးမိသည်။
“ခွန်ပိုင်…သရဲတကောင်ရောက်နေတာလား….အင်း အနံ့ရနေတယ်”
“ဟုတ်တယ်…..သူ့နာမည်ပြန်ပေးမလို့ ဒါပေမယ့်နာမည်မတွေ့ဘူးဖြစ်နေတယ်”
ခွန်ပိုင် အမှန်တိုင်း ၀န်ခံတော့ မိမိပါးကို လက်နှင့်ပုတ်ကာ ညောင်ညောင်ဆရာက ဒေါသတကြီးနှင့်အော်တော့သည်။
“ငါစောင့်ရှောက်နေတဲ့ နာမည်စာရင်းပေးချင်တိုင်းပေးပစ်ရသလားကွ….”
စ၀်ခွန်ပိုင် ဘာမှမပြောပဲ စာအုပ်ကိုသိမ်းကာ ညောင်ညောင်ဆရာကို ပုခုံးပေါ်တင်ပြီး အိမ်ပြန်လာခဲ့သည်။
“သူတို့နာမည်ကို သူတို့ပြန်ပိုင်ပါစေလေဗျာ။ ဒါနဲ့..ခင်ဗျား ဘာသိခဲ့ရလဲ”
“ရှေ့ဟောင်းမှော်မြို့တော်ကို လိုက်ရှာနေတဲ့ သရဲတကောင်ပါ….ကြည့်ရတာ မှော်မြို့တော်ဝင်ပေါက်က တခါကိုတနေရာ ရွှေ့တယ်ထင်တယ် အဲ့နေရာကိုလိုက်ရှာနေတာ”
ကြည့်ရတာ မှော်မြို့တော် ၀င်ပေါက်က စိုင်းထက်နှင့် မိမိတို့ခြံအကြားရောက်နေသည် ထင်သည်။ ဒါကြောင့် ညရောက်သော် စ၀်ခွန်ပိုင်နှင့် ညောင်ညောင်ဆရာ စောင့်နေကြသည်။ သန်းခေါင်ကျော်လို့ လမင်းက ခေါင်းပေါ်တည့်တည့်ရောက်လာချိန်တွင် အဝေးမှ သံကြိုးတရွတ်ဆွဲသံကို ကြားလိုက်ရသည်။ ကန့်နံ့ကလည်း နှာခေါင်းစူးဖွယ် လွင့်ပျံလာခဲ့သည်။ ထိုအရိပ်က ထင်းဂိုဒေါင်နားတွင် ခဏရပ်ပြီး အနောက်ဘက်ကို ဆက်လျှောက်သွားသည်။ ခွန်ပိုင် အနောက်က လိုက်လာစဉ် တစုံတခုကို ခလုပ်တိုက်မိသဖြင့် ငုံ့ကြည့်လိုက်တော့ ပန်းချီကားလိပ် တလိပ်ဖြစ်နေသည်။ ခွန်ပိုင် ကောက်ကြည့်လိုက်တော့ မိမိအိမ်အပေါ်ထပ်က ချိတ်ထားသည့် ပန်းချီနှင့် ခပ်ဆင်ဆင်တူနေသည်ကို သတိထားလိုက် မိသည်။ ဒီသရဲ က မိမိအိမ်နှင့်များ တခုခုပတ်သတ်နေသလားဟု တွေးမိပြီး သိချင်စိတ်ထိန်းမရတော့ပဲ လှမ်းခေါ်လိုက်တော့သည်။
“ဟေ့… မင်း ရှေးဟောင်းမြို့တော် ၀င်ပေါက်တံခါးကို ရှာနေတာလား။”
“မင်း ရူးနေလို့ အသံပြုလိုက်တာလားကွ….ငတုံး…”
ညောင်ညောင်ဆရာက ခွန်ပိုင်၏ ခေါင်းကို လှမ်းပုတ်ကာ ပြောလိုက်သည်။ သရဲက ခွန်ပိုင်၏ မျက်နှာကို မြင်သောအခါ မထင်မှတ်သော အမည်ကို ထုတ်ပြောခဲ့သည်။
“စောမေသီရိ…..”
ခွန်ပိုင်၏ သွေးများ အေးခဲသွားခဲ့သည်။ သရဲက စိုင်းထက်ကို နှောက်ယှက်နေတာ မဟုတ်ပဲ။ မိမိ အဖွားနှင့်ပတ်သတ်နေသောကြောင့် ဒီနေရာကို တ၀ဲဝဲလည်နေခြင်းဖြစ်သည်ကို သိလိုက်သည်။
“ကျွန်တော်က ဖွားဖွားစောမေသီရိရဲ့ မြေးပါ…. ဖွားဖွား ကွယ်လွန်သွားတာ ကြာပါပြီ…”
ထိုစကားကိုကြားသောအခါ သရဲ၏ မျက်လုံးက ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားပြီး အသံနိမ့်နိမ့်ဖြင့် မေးခဲ့သည်။